စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့ ပြည်သူတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ

“ကျွန်တော်တို့  Starlink တွေ တချို့အလုံးတွေအပိတ်ခံလိုက်ရတယ်။ ဒါက ကျွန်တော်တို့အတွက်တော့ အတော်လေးကို ဒုက္ခလည်းရောက်တယ်"

“ဒီဟာကို ကြဲမယ်ဆိုတဲ့ဟာကို လိုင်းပေါ်ကနေ နီးစပ်ရာအကုန်လုံးပို့ပေးတယ်။ လှမ်းတော့လည်း အကြောင်းကြားတယ်။ အကြောင်းကြားပေမယ့် ဆက်သွယ်ရေး Starlink မရှိတဲ့အတွက်။ ပြီးတော့ နယ်မြေခံကလည်း သုံးတဲ့လူမရှိတဲ့သဘောမျိုးကြောင့် ဒီပုံစံအတိုင်း အကျအဆုံးအသေအပျောက်များသွားတာပေါ့။ လွန်ခဲ့တဲ့ တစ်လလောက်က နတ်လာပို့ရွာမှာဆိုရင်လည်းအဲဒီလိုပဲ။ ကြဲမယ့်နေရာအတိအကျရတော့ ရှင်းလင်းထားဆိုတော့ အထိအခိုက်ကမရှိဘူး။ အဲဒီလိုဆိုရင်တော်သေးတယ်။ အခုဟာက ကြဲမယ့်နေရာလည်း ရရဲ့သားနဲ့ ဆက်သွယ်ရေး ပြတ်တောက်တဲ့သဘောဖြစ်သွားတာပေါ့”

စစ်ကိုင်းတိုင်း ကနီမြို့နယ် ညောင်ပင်လယ်ရွာက စာသင်ကျောင်းကို နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲ တိုက်ခိုက်မယ့်အကြောင်း ဒေသခံကာကွယ်ရေးတပ် (PDF) တွေက သတင်းကြိုရခဲ့ပေမဲ့၊ အဲဒီရွာမှာ အင်တာနက်မရှိတဲ့အတွက် ဒေသခံတွေဆီ အချိန်မီ သတင်းမရောက်လို့ လူ့အသက်တွေ ဆုံးရှုံးခဲ့ကြတဲ့အကြောင်း ကနီမြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပြတာပါ။

အဲဒီဖြစ်ရပ်မှာ ဆရာ၊ ဆရာမနဲ့ ကလေးတွေ စုစုပေါင်း ၁၁ ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့အကြောင်း RFA က တင်ပြခဲ့ပါတယ်။ ညောင်ပင်လယ်ရွာဟာ အရင်ကတည်းက စစ်တပ်က အင်တာနက် ဖြတ်ထားတဲ့အတွက် ဆက်သွယ်ရေးခက်ခဲတဲ့နေရာဖြစ်ပါတယ်။

ကမ္ဘာမှာ ပြည်တွင်းစစ်အရှည်ကြာဆုံးဖြစ်နေတဲ့ မြန်မာပြည်မှာ တစ်နိုင်ငံလုံးက မြို့နယ် ၄၀ ရာခိုင်နှုန်းကျော်ကို စစ်တပ်ခန့်အစိုးရက တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေး ဖြတ်ထားသလို၊ အဲဒီဒေသတွေမှာ ပြည်သူတွေ ဈေးကြီးပေးပြီး သုံးနေရတဲ့ Starlink အင်တာနက်လိုင်းတွေလည်းတဖြည်းဖြည်း အဖြတ်ခံနေရတယ်လို့ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက RFA ကိုပြောပါတယ်။

ပြည်သူတွေ အားထားနေရတဲ့ Starlink အင်တာနက်လိုင်းတွေလည်း ဒီနှစ် ဇွန်လကစပြီး ဆက်တိုက်ပိတ်ပင် ခံလာရပါတယ်။

ဒါကြောင့် အရပ်သားတွေအပေါ် တိုက်ရိုက်ထိခိုက်နေတယ်လို့ အသံအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး ဂျွိုင်းက ပြောပါတယ်။

“ စစ်တပ်က အစကတည်းက ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေဖြတ်ထားတယ်ဆိုတာက သူတို့လုပ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ဖို့နဲ့ လူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားတာဖြစ်တယ်။ ဒီ Starlink ကပါ ထပ်ပြီးတော့ မြန်မာနိုင်ငံကို ဝန်ဆောင်မှုမပေးတော့ဘူး ဖြတ်တောက်မယ်ဆိုတာမျိုးတွေက ဒီဒေသခံတွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းနဲ့ပတ်သက်တဲ့သတင်းတွေ၊ ပြီးတော့ သဘာ၀ ဘေးအန္တရာယ်နဲ့သက်ဆိုင်တဲ့ သတိပေးချက်တွေရယူဖို့ ဒါတွေ ချက်ချင်းရပ်သွားမှာပေါ့”

ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုနဲ့စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ၊ ဆေးဘက်ဆိုင်ရာအကူအညီ၊ မိသားစုဝင်တွေရဲ့ ဘေးကင်းမှုနဲ့ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိနိုင်တော့တဲ့အတွက် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေက ပြည်သူတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ တိုက်ရိုက်သက်ရောက်စေတယ်လို့ အသံအဖွဲ့ရဲ့ အောက်တိုဘာလ ၂၃ ရက်ကထုတ်ပြန်တဲ့ “ဆက်သွယ်ရေး အမှောင်ကျခြင်း” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဘယ်တော့ ပြန်လုပ်ပေးနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဲ့ သမ္မတရုံးပြောခွင့်ရသူ ဒေါခိုင်ခိုင်စိုးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ “ဒီမေးခွန်းကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို မေးလိုက်ပါ" လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်အဖြတ်ခံထားရတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အမေရိကန်အခြေစိုက် SpaceX ကုမ္ပဏီရဲ့ Starlink အင်တာနက်ကိုဝယ်ပြီး နှစ်စဥ်ကြေးနဲ့ သုံးကြသလို၊ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး လုပ်နေတဲ့ တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကလည်း သုံးကြပါတယ်။

ကရင်ပြည်နယ် KK Park တွင်သုံးနေသည့် Starlink ဂြိုဟ်တုစလောင်းများကိုတွေ့ရပုံ ( ၂၀၂၅ အောက်တိုဘာ)
စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့ ပြည်သူတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park အဆောက်အအုံ ခေါင်မိုးများပေါ်တွင် Starlink ဂြိုဟ်တုဆက်သွယ်ရေးစလောင်းများ တပ်ဆင်ထားသည်ကို ၂၀၂၅ အောက်တိုဘာလအတွင်း ထိုင်းနယ်စပ်မှ တွေ့ရစဉ်။ (LILLIAN SUWANRUMPHA/AFP)

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့သူတွေကို အမေရိကန်အစိုးရက အလိုရှိသူတွေအဖြစ် ကြေညာလိုက်ပြီးနောက်မှာ ကျားဖြန့်တွေသုံးနေတဲ့ Starlink အင်တာနက်ကိုလည်း Space X ကုမ္ပဏီက ဖြတ်တောက်လိုက်တာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ “မြန်မာနိုင်ငံထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ သုံးနေတယ်လို့ သံသယရှိတဲ့ Starlink စက် အလုံး ၂၅၀၀ ကျော်ကို ပိတ်ခဲ့တယ်” လို့ SpaceX ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ (Lauren Dreyer) က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလက သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

Space X ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ၏ သတင်းတို
စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့အရပ်သားတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ Space X ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လောရင် ဒရိုင်ယာ၏ သတင်းတို (Screenshot from X)

အခုတော့ ကျားဖြန့်လုပ်ငန်းတွေမှာသုံးနေတဲ့ Starlink စက်တွေတင် အပိတ်ခံရတာမဟုတ်ဘဲ အရပ်သားတွေသုံးနေတဲ့ Starlink လိုင်းတွေလည်း ဒီနှစ် ဇွန်လကစပြီး ရပ်ဆိုင်းခံလာရပါတယ်။ အောက်တိုဘာလအထိဆိုရင် အဖြတ်ခံရတဲ့ စက် ၂၀ ရာခိုင်နှုန်းကျော်နေပြီလို့ အသံအဖွဲ့က ပြောပါတယ်။ ဒါကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ကယားပြည်နယ်နဲ့ တခြားပဋိပက္ခပြင်းထန်နေတဲ့ ဒေသတွေကို တိုက်ရိုက်ထိခိုက်ခဲ့တယ်လို့ အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အင်တာနက်ဖြတ်လိုက်တဲ့ဒေသတွေမှာ အရပ်သားတွေ ထိခိုက်နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ စတားလင့်အင်တာနက် ရောင်းနေတဲ့ SpaceX ကုမ္ပဏီကို RFA ကဆက်သွယ်မေးမြန်းထားပေမယ့် အခု သတင်းကြေညာတဲ့အထိ အကြောင်းပြန်စာမရသေးပါဘူး။

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အင်တာနက်မရလို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့နဲ့ အရပ်သားတွေ ဘေးကင်းလုံခြုံရေးအတွက် အကျပ်အတည်းဖြစ်နေတယ်လို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ လူသားချင်းစာနာကူညီရေးနဲ့ အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန၊ ဌာနကြီးမှူး မအေးမြင့်အောင်အောင်က ပြောပါတယ်။

“ကျွန်တော်တို့ Starlink တွေ တချို့အလုံးတွေ အပိတ်ခံလိုက်ရတယ်။ ဒါက ကျွန်တော်တို့အတွက်တော့ အတော်လေးကို ဒုက္ခလည်းရောက်တယ်။ ပြီးတော့ တစ်ဖက်မှာ ကျွန်တော်တို့ ပြည်သူတွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးအစုအဖွဲ့တွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးအဖွဲ့မှာ အုပ်ချုပ်ရေးယန္တရားဘက်က ဦးဆောင်နေတဲ့သူတွေရော ပါဝင်လည်ပတ်နေတဲ့သူတွေရော ဒီစတားလင့်အပေါ်မှာပဲ မှီခိုနေကြရတာ။ သတင်းအချက်အလက်ရယူမှုကလည်း ပိုပြီးတော့ အကန့်အသတ်ရှိလာတဲ့အခါကျတော့ အရပ်သားတွေရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့လည်း ပိုပြီးတော့အကန့်အသတ်တွေ ဖြစ်လာတယ်။ ဒါက ကျွန်တော်တို့အတွက်ကတော့ အင်မတန်စိန်ခေါ်မှု ကြီးတယ်လို့ ကျွန်တော်ကတော့ သတ်မှတ်ချင်ပါတယ်”

ကယားပြည်နယ်မှာလည်း Starlink အင်တာနက်တွေ တစ်လုံးပြီးတစ်လုံး ပိတ်သိမ်း ခံနေရတဲ့အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ကရင်နီအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ခူးဒယ်နီရယ်က RFA ကို ပြောပါတယ်။

“ဟုတ်တယ် တဖြည်းဖြည်းနဲ့တော့ ပြတ်ကျသွားတာတွေ အဲလိုမျိုးတော့ဖြစ်လာတယ်။ လူထုအတွက်၊ အခုလက်ရှိ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက်ကတော့ နည်းနည်းတော့ စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်”

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် Starlink ဆိုင်းဘုတ် ချိတ်ဆွဲထားသည်ကို ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့က ရိုက်ကူးထားပုံ။
စစ်ဖြစ်ရာဒေသမှာ Starlink လိုင်းမရတော့တဲ့အရပ်သားတွေ သတင်းနဲ့ဆက်သွယ်ရေးခက်ခဲလာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် Starlink ဆိုင်းဘုတ် ချိတ်ဆွဲထားသည်ကို ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့က ရိုက်ကူးထားပုံ။ (AFP)

Starlink တွေအားလုံးသာ ပိတ်သိမ်းသွားရင် လူသားချင်းစာနာမှုအကူအညီပေးနေတာတွေအပေါ် အကြီးအကျယ် သက်ရောက်မှုရှိလာနိုင်တယ်လို့ ကရင်နီဒေသမှာ ဒုက္ခသည်တွေကိုကူညီနေတဲ့ ခွန်ချစ်ထူးက ထောက်ပြပါတယ်။

“ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကတော့ အင်တာနက်လိုင်းကို မှီခိုသလို အလှူရှင်တွေကို မှီခိုရတယ်။ ပြီးတော့ ကျွန်တော်တို့ လိုင်းပေါ်ကနေ ချိတ်ဆက်တဲ့ဟာတွေဆိုတော့ တော်တော်လေးတော့ စိုးရိမ်ရတာပေါ့။ အဖက်ဖက်က ချိတ်ဆက်ရမဲ့အရာတွေ၊ ခက်ခဲနေတဲ့ ပြည်သူလူထုတွေရော သူတို့ဆီကို တကယ်ရမဲ့အရာတွေ ကျွန်တော်တို့ မကူညီနိုင်တော့မဲ့ အနေအထားမျိုး ကျွန်တော်တို့ ကြုံရမှာပဲ။ အကယ်၍ လိုင်းသာ မရှိတော့ဘူးဆိုရင် ဒါကြောင့်မို့ ဒီလိုင်းတစ်ခုနဲ့ ကျွန်တော်တို့ အများကြီးဆုံးရှုံးမယ်လို့ ယုံတယ်”

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ကျားဖြန့်တွေသုံးနေတဲ့ Starlink အင်တာနက်လိုင်းတွေ ဖြတ်လိုက်တာကို ကြိုဆိုထောက်ခံပေမဲ့ နိုင်ငံတစ်ဝန်းက Starlink စက်ပစ္စည်း (terminals) တွေ အားလုံးကို ပိတ်လိုက်မယ်ဆိုရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အလွန်စိုးရိမ်တယ်လို့ အရပ်ဘက် လူ့အဖွဲ့အစည်း ၃၁၇ ဖွဲ့ က ဇူလိုင်လ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အနည်းဆုံးအရပ်သား ၃၅၃ ဦး သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်ရှိခဲ့ပြီး၊ အဲဒီအထဲက ၅၆၂ ကြိမ်က အင်တာနက်အဖြတ်ခံထားရတဲ့ ဒေသတွေမှာဖြစ်ခဲ့တဲ့အကြောင်း အင်တာနက်ဖြတ်တောက်ခံရမှုနဲ့ ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ မြန်မာအင်တာနက်ပရောဂျက်အဖွဲ့က အောက်တိုဘာလ ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(မှတ်ချက် - စစ်တပ်ခန့်အစိုးရ၏ သမ္မတရုံးပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုး၏ ပြန်ကြားချက်ကို ဖြည့်စွက်ထားပါသည်။)